စစ်ကိုင်းမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

စစ်ကိုင်း ဧပြီ ၁၇      

စစ်ကိုင်းမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်အတွင်း ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စိုးစိုးနွယ်က ဇီဝိတဒါန ငါးလွှတ်ရခြင်းရည်ရွယ်ချက်နှင့် ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) အား ဇီဝိတဒါနအဖြစ် လွှတ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ခဲ့ကြသည်။

ဆက်လက်ပြီး ရွာထောင်ဘိုးဘွားရိပ်သာ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သက်ကြီးဘိုးဘွားများအား  ပူဇော်ကန်တော့ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် တက်ရောက်လာကြသူများက ဘိုးဘွား (၃၇) ဦးအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများဖြင့် လှူဒါန်းပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)