ရွှေဘို ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အတက်နေ့) ညနေ (၄)နာရီအချိန်က ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ရန်ကြီးအောင်ပန်းခြံရှေ့ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ရွှေဘိုမြို့လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော နွေပန်းချီယိမ်းအဖွဲ့အား ဆုငွေကျပ်သိန်း(၄၀)ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော ပိတောက်ဧကရီယိမ်းအဖွဲ့အား ဆုငွေကျပ်သိန်း(၃၀)ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၅) စစ်နယ်မြေမှူးမှလည်းကောင်း၊ တတိယဆုရရှိသော အနာဂတ်ပန်းခင်းယိမ်းအဖွဲ့အား ဆုငွေကျပ်သိန်း(၂၀)ကို ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်တို့က ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ နှစ်သိမ့်ဆုရရှိခဲ့သော ယိမ်းအဖွဲ့(၂)ဖွဲ့အားတစ်ဖွဲ့လျှင်ကျပ်(၁၅)သိန်း၊ အထူးဆုရရှိခဲ့သော ယိမ်းအဖွဲ့(၅)ဖွဲ့အား တစ်ဖွဲ့လျှင်ကျပ်(၁၀)သိန်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခါနွေဆန်းစ ရွှေဘိုသင်္ကြန် သီချင်းရေးသားသူ (တက္ကသိုလ်ကိုလင်း)နှင့် အကဲဖြတ်ဒိုင် (၅)ဦးအား ဂုဏ်ပြုဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များက “မြနန္ဒာ”သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ၊ တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရွှေဘိုမြို့သူ၊ မြို့သားများအပြင် ရပ်ဝေးရပ်နီးမှ ပြည်သူများပါ စိတ်နှလုံးအေးချမ်းစွာဖြင့် ပါဝင်ဆင်နွှဲခဲ့ပြီး မြို့ပေါ်ရပ်ကွက်များ၌လည်း စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)