နေပြည်တော် ဧပြီ ၁၆
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မြို့နယ်များရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူများ စည်ကားများပြားလျက်ရှိသည်။ ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးပိုမိုစည်ကားလျက်ရှိသည်။
နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ရှမ်းပြည်နယ် လင်းခေး၊ ဆီဆိုင်၊ သီပေါ၊ ကွန်ဟိန်း၊ လွိုင်လင်၊ ခိုလမ်၊ တန့်ယန်းနှင့် ဖယ်ခုံမြို့နယ်တို့၌ လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံ၊ မြဝတီမြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ တိုက်ကြီးနှင့် တံတား မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်၊ ရွှေတောင်၊ မိုးညို၊ သဲကုန်း၊ အုတ်ဖို၊ ပေါက်ခေါင်း၊ ကဝ၊ ပေါင်၊ သာယာဝတီ၊ ရွှေကျင်မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ ကျုံပျော်၊ ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်း၊ ငွေဆောင်၊ ငပုတော၊ အိမ်မဲမြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးနှင့် ဝမ်းတွင်းမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူး၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ချောက်နှင့် ဆိပ်ဖြူ မြို့နယ်တို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ လည်းကောင်း ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလျက်ရှိသည်။
ထို့အတူ အမြို့မြို့အနယ်နယ်တိုင်းရှိ ရေကစားမဏ္ဍပ်များ၌ ယနေ့ မဟာသင်္ကြန် အတက်နေ့တွင် ရေကစားရန် လာရောက်သူများအား သင်္ကြန်ဓလေ့ ရိုးရာအစားအစာများဖြင့် နေ့စဉ်စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ တေးသံရှင်များ၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအပါအဝင် လမ်းလျှောက်သင်္ကြန် သနပ်ခါးမဏ္ဍပ်မှ သနပ်ခါးများလိမ်းခြင်းနှင့် လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များကျွေးမွေးခြင်း အစီအစဉ်များဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိသည်။ ထို့ပြင် ရေကစားသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက အဘက်ဘက်မှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိသင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန်အတက်နေ့တွင် လူကြီး၊ လူငယ်အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူး ကုသိုလ်ကောင်းမှုများဖြင့် နှစ်သစ်ကိုကြိုဆိုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန