ငဖဲ ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ၆ ဖွဲ့နှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေကြပြီး မဟာသင်္ကြန် အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိရာ ရပ်နီးရပ်ဝေးမှ လူငယ်မောင်မယ်များ၊ မိဘပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး ပွဲတော်လာရောက်ဆင်နွှဲသူများအား ဌာနဆိုင်ရာများက မုန့်လုံးရေပေါ် သင်္ကြန်စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးပေးလျက်ရှိပြီး ရေကစားသူများဖြင့် အထူးစည်ကားလျက်သည်။
ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာရေကစားနိုင်ကြစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)