ရန်ကင်း ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် အထွတ်အမြတ်ထားရာဖြစ်သော ယနေ့ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့တွင် ရန်ကင်းပိတောက်ရေသဘင်မဏ္ဍပ်၌ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့်အဖွဲ့ဝင်များ မိသားစုများသည် ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ရန်ကင်းမြို့နယ် သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်မင်းလတ်အား အလှူငွေပေးအပ်ခြင်း၊ ကပြဖျော်ဖြေပေးခဲ့သည့် ယိမ်းအဖွဲ့များနှင့် တေးဂီတအဖွဲ့များအား ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့နံနက်ပိုင်းမှစတင်၍ ရန်ကင်းမြို့ပေါ်ရှိ လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း မိသားစုအလိုက် ရေပက်ခံထွက်ကြသူများ၊ ပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များနှင့် နေအိမ်များ၌လည်း စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ချစ်ကြည်ရင်းနှီးစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)