ရန်ကုန် ဧပြီ ၁၅
မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် အထွတ်အမြတ်ထားရာဖြစ်သော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ရေပက်ကစားသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
မဟာသင်္ကြန်အကြတ်နေ့နံနက်ပိုင်းမှ စတင်၍ သန်လျင်မြို့ပေါ်ရှိ လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း မိသားစုအလိုက် ရေပက်ခံထွက်ကြသူများ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများအေးချမ်းစွာ ရေကစားနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များနှင့် နေအိမ်များ၌လည်း စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ချစ်ကြည်ရင်းနှီးစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)