ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း၊ လမ်းလျှောက်သင်္ကြန်အား ပြည်သူများနှင့်အတူ ဆင်နွှဲ

စစ်တွေ ဧပြီ ၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်္ကြန်အကျနေ့ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးတို့သည် စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊  နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္နသိရီ ဆရာတော်ကြီးအား ဖူးမြော်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သာသနာ့ရေးဆိုင်ရာများကို လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီးတို့က ဆရာတော်ကြီးအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ရှေးဟောင်းသမိုင်းဝင် မဟာကျန်ရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေးချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ဆရာတော်အား ဖူးမြော်ကာ ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်ကြီးများအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကြန်အကျနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ရခိုင်အဆိုတော်များ၊ တေးသံရှင်များ၏ ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရခိုင်ရိုးရာရေကစားမဏ္ဍပ်၌ ရခိုင်ရိုးရာစဉ်လာနှင့်အညီ လောင်းလှေများဖြင့် ရေကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များနှင့်အတူ ပါဝင်ရေကစားကြသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လမ်းမကြီးရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်သို့သွားရောက်ပြီး ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)