မဟာသင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်အစရှိသည့် မဏ္ဍပ်များ၌ ရိုးရာအစဉ်အလာနှင့်အညီ ဆက်လက်ဆင်နွှဲ

နေပြည်တော်   ဧပြီ  ၁၄

ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်  (အကျနေ့)တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ဥပုသ်သတင်းသီလဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်း လျက်ရှိသည်။

မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ ဒလ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ကော့မှူး၊ ကိုကိုးကျွန်း၊ တွံတေးနှင့် ဒေါပုံမြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မင်းလှ၊ ထန်းတပင်၊ ကဝ၊ ရေတာရှည်၊ ကျောက်ကြီး၊ ဇီးကုန်း၊ နတ္တလင်း၊ အုတ်ဖို၊ ကျောက်တံခါး၊ ရွှေကျင်၊ ဖြူး၊ အုတ်တွင်းမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတ၊ ကြံခင်း၊ လပွတ္တာ၊ ညောင်တုန်း၊ ငပုတော၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ သာပေါင်း၊ ငါးသိုင်းချောင်းနှင့် ရွှေသောင်ယံမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်၊ ရမည်းသင်း၊ ဝမ်းတွင်း၊ မြစ်သားမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေစကြို၊ မင်းလှမြို့နယ်တို့လည်းကောင်း၊ မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် နမ့်စမ်၊ ဆီဆိုင်မြို့နယ် တို့၌လည်းကောင်း၊ တနင်္ဿာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တို့၌လည်းကောင်း မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ် ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန် အကျနေ့ နံနက်ပိုင်းတွင် လူကြီး၊ လူငယ်အရွယ် စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်း ဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူးကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ ထမနဲ့သင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကလေးငယ်များမှအစ လူငယ်၊ လူရွယ်များအထိ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန