ငွေဆောင် ဧပြီ ၁၄
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သည့် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေတွင် ခရီးသွားဧည့်သည်များဖြင့် ဆက်လက်စည်ကားလျက်ရှိပြီး ကမ်းခြေ၌အပန်းဖြေခြင်းအပြင် မြို့အတွင်းကျင်းပလျက်ရှိသော သင်္ကြန်ပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် နံနက်ပိုင်းအချိန်များတွင် ငွေဆောင်ကမ်းခြေ၏ သာယာလှပသော ပင်လယ်ပြင်၌ ရေကူးခြင်း၊ အပန်းဖြေလမ်းလျှောက်ခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်းများကို ပြုလုပ်ကြသည်။ မွန်းလွဲပိုင်းအချိန်များတွင် ခရီးသွားဧည့်သည်များသည် မြို့တွင်းရှိ ရေကစားမဏ္ဍပ်များသို့သွားရောက်၍ အတာရေပက်ဖျန်းကာ ပျော်ရွှင်စွာရေကစားကြရာ ဒေသခံပြည်သူများကလည်း အတာသင်္ကြန် အထိမ်းအမှတ်အဖြစ် မုန့်လုံးရေပေါ်၊ သာကူနှင့် အအေးစသည့် စတုဒိသာများကို လာရောက်လည်ပတ်ကြသည့် ဧည့်သည်များအား ကျွေးမွေးလျက်ရှိကြသည်။
ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အပန်းဖြေနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကမ်းခြေအသက်ကယ်အဖွဲ့များက ကမ်းခြေနှင့် မြို့တွင်းနေရာအနှံ့အပြားတွင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး (ပြန်/ဆက်)