နေပြည်တော် ဧပြီ ၁၄
ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အကျနေ့)တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ဥပုသ်သတင်းသီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်း လျက်ရှိသည်။
မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုံ၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ သန်လျင်၊ သုံးခွမြို့နယ်တို့နှင့် တံတားမြို့တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝေါ၊ ပန်းတောင်း၊ သဲကုန်း၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ပေါက်ခေါင်း၊ ရွှေတောင်မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်နှင့် အိမ်မဲမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး၊ နတ်မောက်၊ သရက်၊ ပွင့်ဖြူမြို့နယ်တို့လည်းကောင်း၊ ရှမ်းပြည်နယ် မောက်မယ်၊ ကျောက်မဲမြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနှင့် ကျွန်းလှမြို့နယ်၌ လည်းကောင်း၊ ကချင်ပြည်နယ် တနိုင်းမြို့နယ်တို့၌လည်းကောင်း မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ်ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန် အကျနေ့ နံနက်ပိုင်းတွင် လူကြီး၊ လူငယ်အရွယ် စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်း ဝင်ရောက်ခြင်းတို့ဖြင့် နှစ်သစ်ကူးကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကလေးငယ်များမှအစ လူငယ်၊ လူရွယ်များအထိ ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန