ကလော ဧပြီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အကြိုနေ့) လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီက ကလောမြို့ နာရီစင်အနီး၊ မင်းလမ်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလောတပ်နယ်မှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများနှင့် ယိမ်းအကအဖွဲ့ဝင်ကျောင်းသူများ၊ မြို့ပေါ် (၁၁) ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များနှင့် ရပ်နီး၊ ရပ်ဝေးမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကလောမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်အား ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနန္ဒာလှမြင့်၊ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ်ဇေယျာဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် မြို့မိ၊ မြို့ဖ ဦးစိုးမင်းတို့က ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့ပြီး ယိမ်းအကအဖွဲ့များအား သနပ်ခါး (နံသာ) ရေဖြင့် ပက်ဖြန်းခဲ့ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ မောမြေဦးပန်းခြံ၊ ဖျော်ဖြေရေးမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)