ရွာငံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရွာငံ ဧပြီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မဟာသင်္ကြန် အကျနေ့ ယနေ့နံနက် (၈) နာရီက ဗထူးခန်းမရှေ့၊ ပြည်သာယာလမ်းရှိ ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

၁၃၈၇ ခုနှစ်၊ မြန်မာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ‌ တော်ဖွင့်ပွဲကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းထွန်း(ခ)ဦးသိန်းသန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းထွန်း(ခ)ဦးသိန်းသန်းထွန်း၊ ရွာငံမြို့နယ် အခြေပြုစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ရဲမင်းခန့်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူး ဒုတိယရဲမှူးကြီးနေလင်း၊ ရွာငံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်-၁ ဗိုလ်မှူးရန်နိုင်ဦးတို့က မဟာသင်္ကြန်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိသတ်များအား အတာရေစင်အမွှေးနံ့သာဖြင့် ပက်ဖျန်းကာ မြူမှုန်ဝေကင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ဓနုရိုးရာအိုးစည်တီးအကဖြင့်လည်းကောင်း၊ မန်းတောင်ရိပ်ခို စသည့် သင်္ကြန်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်၌ ပျော်ပျော်ပါးပါး ရေကစားကြသည်။ ထို့နောက် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဓနုရိုးရာယဉ်ကျေးမှု အိုးစည်တီးအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ရွာငံမြိုနယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၄-၄-၂၀၂၆) ရက်နေ့မှ (၁၆-၄-၂၀၂၆) ရက်နေ့အထိ ရေကစားမဏ္ဍပ်၌ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်တို့ဖြင့် ရေကစားမဏ္ဍပ်အနီးတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း ရွာငံမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်းကုသိုလ်အဖြစ် မြို့နယ်အတွင်းရှိပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဗထူးခန်းမ၌လည်းကောင်း၊ မြို့၏အရှေ့ဖက် ဝန်ထမ်းအိမ်ရာ၌လည်းကောင်း၊ မြို့ဝင်ဆိုင်းဘုတ်(တောင်ဖက်)၌လည်းကောင်း၊ မြို့ဝင်ဆိုင်းဘုတ်(မြောက်ဖက်)၌လည်းကောင်း၊ မြို့ကုန်းရပ်ကွက်ရှိ မင်းသောက်ရေကန်၌ လည်းကောင်း  ပရိတ်ရွတ်ဖတ်ပူဇော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)