မိုင်းယုမြို့၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းနှင့် နမ့်လွေချောင်းသောင်ပြင်တို့၌ ရေကစားသူများဖြင့် စည်ကား 

မိုင်းယု ဧပြီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြိုတွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၂ နာရီက အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းနှင့် မြို့မရပ်ကွက်၊ ဒေါင်လုံကျေးရွာအနီး နမ့်လွေချောင်းသောင်ပြင်တို့၌ ကျင်းပကြရာ ရေကစားသူများနှင့် လာလည်ပတ်သူများဖြင့် စည်ကားခဲ့သည်။

အဆိုပါ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမဏ္ဍပ်၌ အမှတ် (၂၂၆) ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဋ္ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး အောင်နိုင်ထွေး၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဖဲကြိုးဖွင့်လှစ်ပေးကြပြီး ဖိတ်ကြားထားသည့် ယိင်းအကအဖွဲ့များက သင်္ကြန်အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် မြို့မရပ်ကွက်၊ ဒေါင်လုံကျေးရွာအနီး နမ့်လွေချောင်းသောင်ပြင်ရှိ ရေကစားမဏ္ဍပ်၌ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ မိုင်းယုနယ်မြေစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်း၊ မြို့မအုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖတို့က ဆက်လက်ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်များကို ဆက်လက်ဆင်နွှဲကျင်းပကြရာ ယင်းပွဲသို့ လာရောက်လည်ပတ်ကြသည့် လူငယ်လူရွယ်များသာမက မိသားစုလိုက် လာရောက်ဆင်နွှဲကြသူများ၊ ချောင်းအတွင်း ရေကစားကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်