တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ဧပြီ ၁၃ ရက်ကစတင်ကာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ပျော်ရွှင်စွာဆင်နွှဲ

နေပြည်တော် ဧပြီ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မြို့နယ်များတွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားများကို ဧပြီ ၁၃ ရက်ကစတင်ကာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ ဖွင့်လှစ်ကာ မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။

နိုင်ငံတစ်ဝန်းမြို့နယ်များတွင် ဧပြီ ၁၃ ရက်ကစတင်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်း၊ လှိုင်သာယာ၊ သာကေတနှင့် အင်းစိန်မြို့နယ်တို့တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ဆင်ပေါင်ဝဲ၊ စေတုတ္တရာ၊ အောင်လံ၊ သရက်၊ ကံမမြို့နယ်တို့၌လည်းကောင်း၊ တနင်္ဿာရီတိုင်းဒေသကြီး ကော့သောင်း၊ ဘုတ်ပြင်းနှင့် ခမောက်ကြီးမြို့တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ၊ ကျုံပျော်၊ မြန်အောင်၊ မအူပင်၊ ငွေဆောင်မြို့နယ်တို့လည်းကောင်း၊   မွန်ပြည်နယ်ရေးမြို့နယ်၌လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ မိုင်းယောင်း၊ မိုးနဲနှင့် ကျေးသီးမြို့နယ်တို့၌လည်းကောင်း၊ ကယားပြည်နယ်လွိုင်ကော်မြို့တို့၌လည်းကောင်း ကျင်းပခဲ့ရာ သက်ဆိုင်ရာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေမှု၊ စတုဒိသာကျွေးမွေးမှုများဖြင့်  စည်ကားသိုက်မြိုက်စွာ စတင်ဆင်နွှဲကြသည်။

မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့်  စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန