တောင်ငူ ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်သည်။ ယင်းနောက် ယိမ်းအကအဖွဲ့များမှ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်မင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက လမ်းလျှောက်သင်္ကြန်ဖွင့်လှစ်၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်နှင့် လက်ဖက်သင်္ကြန်တို့တွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
တောင်ငူမြို့ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့ (၁၇)ဖွဲ့၊ DJနှင့် ဒေသခံအဆိုတော်များအပြင် နိုင်ငံကျော်အဆိုတော်များက ဖျော်ဖြေလျက်ရှိကာ ယနေ့သင်္ကြန်အကြိုနေ့တွင် တောင်ငူမြို့သူမြို့သားများ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာလာရောက်ဆင်နွှဲရှိပြီး အလှူရှင်များကလည်း စတုဒိသာကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)