ချောက်မြို့နယ်၌ မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်‌‌ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပ

ချောက် ဧပြီ ၁၃

၁၃၈၇ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု အတာရေသဘင်ပွဲတော် သင်္ကြန်အကြို ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နှင့်ဦးဝင်းနိုင်ဦး၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များက မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ သင်္ကြန်ယိမ်းအကအဖွဲ့များက သင်္ကြန်တေးသီချင်းဖြင့် ကပြဖျော်ဖြေမှုနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သပြေခက်များဖြင့် အတာရေများ လိုက်လံပက်ဖျန်း၍ သင်္ကြန်တေးသီချင်းများ သီဆိုဖျော်ဖြေ၍ ပြည်သူများနှင့်အတူ သင်္ကြန်အကြိုနေ့ လမ်းလျှောက်သင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲကာ လမ်းလျှောက်ကြသူများအား စတုဒိသာကျွေးမွေးဧည့်ခံခြင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းတို့က ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ချောက်မြို့နယ်၌ မြန်မာ့ရိုးရာယဥ်‌ကျေးမှုအတာရေသဘင်သင်္ကြန်ပွဲ‌တော်ကို ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်ယိမ်းအက၊ အလှများ ကပြဖျော်‌ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ‌‌ ခေတ်‌ပေါ်‌တေးသီချင်းများဖြင့်‌ ဖျော်ဖြေတင်ဆက်၍ စတုဒီသာများဖြင့် သင်္ကြန်ကာလအတွင်း ဧည်ခံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)