ကန့်ဘလူမြို့ မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်အား ဂုဏဝိသိဋ္ဌဂုဏ်ပြပူဇော်ပွဲကျင်းပ

ကန့်ဘလူ ဧပြီ ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက် မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာရ (နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်) အား တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ခရိုင်စုပေါင်းရုံးမှတစ်ဆင့် တပင်ရွှေထီးလမ်း၊ ကန့်ဘလူ- ငါတို့လမ်းမှ မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီးသို့ ပင့်ဆောင်ပူဇော်ကြသည်။

ဆက်လက်၍ ကျောင်းတိုက်ကြီး၌ အခမ်းအနားကိုကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ကန့်ဘလူမြို့နယ် နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တေးသံရှင်တို့က ရတု၊ တေးထပ်တို့ဖြင့် သီဆိုပူဇော်ခြင်း၊ ဆရာတော်ကြီး၏ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ပုံရိပ်လွှာအား Video Click ပြသပူဇော်ခြင်း၊ ထေရုပ္ပတ္တိဖတ်ကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့ဦးရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တတေဇိန္ဒသာရထံ ဘွဲ့တံဆိပ်တော် အဆောင်အယောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်း၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ဂုဏဝိသိဋ္ဌပူဇာနှင့်စပ်လျဥ်း၍ အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)