ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စစ်မှုထမ်းတာဝန်‌ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့် 

စစ်တွေ     ဧပြီ ၁

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်(ပုံစံ-၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များ၏ ဘဝခရီးလမ်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ မိမိတို့၏ လူငယ်ဘဝ အချိန်ကာလများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ပေးဆပ်ခဲ့ကြသည့် စစ်သည်အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်သည် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တစ်ခုတင်မက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်း ထမ်းဆောင်ရမည့် မွန်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ခု ဖြစ်ကြောင်း၊ စစ်သည် တော်များသည် နိုင်ငံတော်အတွက် လိုအပ်သည်အချိန်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူများဖြစ်သည့်အတွက် သမိုင်းကအသိအမှတ်ပြုထားမှာ ဖြစ်ကြောင်း၊ စစ်သည်တော်များသည် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် မိမိတို့နေရပ်ကို ပြန်လည်ရောက်ရှိပြီး ရည်မှန်းထားသည့် ဘဝပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြစေလို ကြောင်းပြောကြားသည်။

ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦးက စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စစ်မှုထမ်းတာဝန် ကျေးပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများလည်းကောင်း၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦးက ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများလည်းကောင်း၊ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးက ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်နှင့် (ပုံစံ-၁၂) တို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသည့် စစ်သည်တော်များ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ လမ်းမကြီး၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ၊ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၊ ရခိုင်ရိုးရာရေကစားမဏ္ဍပ်တည်ဆောက်ပြီးစီးနေမှုများ၊ ရေကစားမဏ္ဍပ်၊ ဖွင့်ပွဲအခမ်းအနားတွင် ယိမ်းအဖွဲ့များ သီဆိုကပြဖျော်ဖြေတင်ဆက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ စတုဒိသာကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအသီးသီးအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အချိန်မီပြီးစီးစေရေး စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ယိမ်းအကအဖွဲ့များက ဝတ်စုံပြည့်လေ့ကျင့်နေမှုနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း  သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး