မကွေး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၇ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၁၃၈၇-ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက် အတာသင်္ကြန် ပွဲတော်ကို မကွေးမြို့၊ကမ်းနားလမ်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပသွားနိုင်ရေး ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီးဖြစ်ပါကြောင်း၊လမ်းလျှောက် အတာသင်္ကြန်တွင် စက်သုံးဆီချွေတာသည့်အနေဖြင့် ဧရာဝတီမြစ်အတွင်းမှ ဆိုလာစနစ်ဖြင့် ရေစုပ်ယူပြီး အသုံးပြုသွားမည်ဖြစ်ကြောင်း၊ သန့်ရှင်းသောရေလုံလောက်စွ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက်ပိုမို၍ စည်ကားစွာကျင်းပနိုင်ရေးနှင့် အေးချမ်းပျော်ရွှင်စွာဆောင်ရွက်နိုင်ရေး၊ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးအစီအမံများကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် ဗဟိုမဏ္ဍပ်(၁)ခုနှင့် ဝန်ကြီးဌာနမဏ္ဍပ်(၅)ခုတို့တွင် နေ့စဉ်စတုဒီသာများအားကျွေးမွေးလှူဒါန်းနိုင်ရေးစီစဉ်ဆောင်ရွက်လိုကြောင်း၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာ မကွေးမြို့၊ ကမ်းနားလမ်း We Love Magway အနီး ဧရာဝတီမြစ်ကမ်းနဘေး၌ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွားအတု(အံပုံ)များ တပ်ဆင်ဆောင်ရွက်ပေးခြင်း၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားပူဇော်ပွဲတို့အားဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် သက်ဆိုင်ရာကော်မတီများ အနေဖြင့်ကော်မတီအလိုက်လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင်ဝိုင်းဝန်းပူးပေါင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မြန်မာ့ရိုးရာ ယဉ်ကျေးမှုလမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးဆောင်ရွက်မည့်အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)