လွိုင်ကော် ဧပြီ ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီးစီးမှုနှင့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ထမနဲသင်္ကြန်ကျင်းပရန် ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းလျှောက်သင်္ကြန် ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား လည်းကောင်း၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မဟာသင်္ကြန်ပွဲတော်အား အနှစ်သာရရှိစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ သင်္ကြန်ကာလတွင် ရေလုံလောက်စွာရရှိရန်နှင့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဆောင်ရွက်ပေးရန်၊ ထမနဲသင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့် လက်ဖက်သင်္ကြန်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများ ပေါ်လွင်ထင်ဟပ်အောင် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်တွင် ဌာနဆိုင်ရာ ယိမ်းအဖွဲ့ (၁၃) ဖွဲ့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖျော်ဖြေရေးယိမ်းများ၊ ခေတ်ပေါ်တေးဂီတများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်နှင့် လက်ဖက်သင်္ကြန်တို့ ပါဝင်သည့်အပြင် “မြန်မာ့ရိုးရာသနပ်ခါးလှယဉ်ကျေးမယ်” ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။
“မြန်မာ့ရိုးရာသနပ်ခါးလှယဉ်ကျေးမယ်” ပြိုင်ပွဲကို သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး လွိုင်ကော်မြို့ မြို့နာမ်စေတီတော်ရှေ့ရှိ သနပ်ခါးသင်္ကြန်မဏ္ဍပ်တွင် သနပ်ခါးလာရောက်လိမ်းခြယ်ကာ အလှဓာတ်ပုံရိုက်ကူး၍ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုများကို သင်္ကြန်အတက်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)