တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

ပုသိမ် ဧပြီ ၁၁

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က  ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ စည်ပင်သာယာရေးနှင့် ပြည်သူ့ဆက်ဆံရေးရာကော်မတီနှင့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ နှစ်ရပ်ဖွဲ့စည်းရန်   လွှတ်တော်က သဘောတူသဖြင့် လျာထား သတ်မှတ်ချက်ပါအတိုင်း ရေးရာကော်မတီ နှစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြေညာခဲ့ပြီး ကော်မတီဥက္ကဋ္ဌ တစ်ဦးချင်းစီက မိမိနှင့်သက်ဆိုင်သည့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းများကိုလွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။

ထို့နောက် ကတိသစ္စာပြုခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များဖြစ်သည့် တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး (၉)ဦး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တရားလွှတ်တော်တရားသူကြီး(၄)ဦးတို့က လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီးလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက်  အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့သည့် တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကားအား မှတ်တမ်းတင်ခဲ့ပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များအား ဒုတိယဥက္ကဋ္ဌက လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားရာလွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာခဲ့ပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)