ဇလွန် ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဇလွန်မြို့ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖ များနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းဆောင်ရွက်ကြရန် အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။ ယင်းနောက် သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)