မြို့သစ် ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်နှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)