ငါန်းဇွန် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ ချစ်နိုင်(စိတ်ပညာ)၏ “ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး “ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း”စာအုပ်တွင်ပါရှိသည့်”နားရှင်းပါစေ”ခေါင်းစဉ်ဖြင့် စကားကို ရှင်းရှင်းပြောရမယ်၊ ဟိုလိုလို ဒီလိုလို တိုစိစိပြောရင် အဓိပ္ပာယ် မရှင်းဘူး၊ လိုရင်းကို သူတစ်ပါး တိတိကျကျ နားလည် အောင် ပြောပြရမည်ဖြစ်ကြောင်း၊ ပြောရင် ရှင်းရှင်းလင်းလင်းပြော၊ ရေးရင်ရှင်းရှင်းလင်းလင်းရေး၊ အလုပ်လုပ်ရင် ရှင်းရှင်းလင်းလင်း လုပ်တာက နောင်မှာ ရှုပ်ရှုပ်ထွေးထွေး မဖြစ်တော့ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မောင်ကောင်းထက်သော်က “ဟိုဒင်းကို ဟိုဟာနဲ့” ခေါင်းစဉ်ဖြင့် ဒီလောက်များပြား ပွေလီရှုပ်ထွေးတဲ့ သတင်းအချက်အလက်တွေကို ထင်မြင်ချက်(Opinion)နဲ့ အချက်အလက်(Fact) ခွဲခြားသိရှိရန် အရေးကြီးလှကြောင်း၊ တိတိကျကျ ပြောပါ၊ ရေးပါ၊ လုပ်ပါ၊ တိကျရမှာက (ဘ)ခြောက်လုံး ဖြစ်ပါကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် မောင်မင်းဟိန်းကျော် က “သင့်အတွေးဟာ သင်ပါပဲ” ခေါင်းစဉ်ဖြင့် ကမောက်ကမ ရှေ့နောက် အဆီအငေါ် မတည့်သည့် ကိစ္စများ အပေါ် အချိန်ဖြုန်းခြင်း မပြုပါနှင့်၊ မိမိရဲ့စိတ်ထဲမှာ စိတ်ရှည်ရှည်နဲ့ ဇွဲရှိရှိနဲ့ မိမိအပါအဝင် လူသားအားလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ကောင်းရာကောင်းကျိုးတွေကိုသာလျှင် တွေးတောပါ၊ စဉ်းစားပါ၊ ကြံစည်ရည်ရွယ်ပါကိုလည်းကောင်း “ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း” စာအုပ်ပါ ခေါင်းစဉ်များ အလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)