ပျော်ဘွယ် ဧပြီ ၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များသိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြသခြင်းနှင့်စာပေဖတ်ရှုစေခြင်းကို ဧပြီလ ၉ ရက်၊ နံနက် ၈ နာရီက ခင်ကြီးယကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လူငယ်လူရွယ်များသိရှိစေရန် ကလေးအလုပ်သမားဖြစ်လာရခြင်း၏ အကြောင်းအရင်းများ၊ ကလေးအလုပ်သမားတို့၏ ဆိုးကျိုးများ၊ ကလေးအလုပ်သမားမဖြစ်စေရေး ပညာ သင်ကြားရန်နှင့် မိမိတို့ကိုယ်တိုင်ကြိုးစားရမည့်နည်းလမ်းများကို လူငယ်များနားလည်မှုလွယ်ကူစေရန် အပြန်အလှန် ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များကိုပြသထားရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)