ချမ်းမြသာစည် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် လစဥ် သတ်မှတ်ရက်အလိုက် နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများမှ ဆရာ၊ ဆရာမများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် မွေးကင်းစ(၂)လအရွယ်မှစ၍ (၅)နှစ်အောက်ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ဘီစီဂျီ၊ အသည်းရောင်အသားဝါဘီ၊ ပိုလီယိုသောက်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ (ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်) ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး၊ (ဝက်သက်၊ ဂျိုက်သိုး) ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ပိုလီယိုထိုးဆေးများ ထိုးနှံ/ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင် မိခင်များအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)