မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မကွေး ဧပြီ ၈

ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီကာလအတွင်း မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ၊ လျှပ်စစ်မီးလောင်မှုအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်သောတပ်ဖွဲ့ဝင်များက 191 Report Mobile Application အသုံးပြုနည်း၊ ဂက်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ Dry Chemical Powder(DCP) မီးသတ်ဆေးဘူးဖြင့် စနစ်တကျလက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုယ်တိုင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့်ရပ်ကွက်၊ ကျေးရွာများအတွင်း မီးသတိပေးနှိုးဆော်ခြင်း၊ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)