ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရေး ဧပြီ ၈

မွန်ပြည်နယ်၊ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့်  အသိပညာပေးခြင်းများကို မတ် ၂၅ ရက်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးထက် ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက နွေရာသီကာလ မတ်လနှင့် ဧပြီလများသည် အပူချိန်ပိုမိုမြင့်မားသည့်အတွက် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ အပူဒဏ်အန္တရာယ်ကြောင့် ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ဆောင်ရန်၊  ရှောင်ရန် အချက်များ၊ သတိပြုကာကွယ်လိုက်နာရမည့်အချက်များ၊   အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများနှင့် အပူဒဏ်အန္တရာယ်ကြောင့် ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှုခံယူရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးရှင်းလင်းသည်။

ထိုနောက် ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး “ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးသည်။ အလားတူအပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းများကို ကျန်ရှိသည့်  ရပ်ကွက်၊ကျေးရွာများတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ