ကျွန်းလှ ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ဒီနှစ် မိုးရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနဲ့ နေကြာသီးနှံများ စိုက်ပျိုးကြမှာဖြစ်ပါတယ်။ အရင်နှစ်က မိုးမြေပဲ ငါးဧကစိုက်ပျိုးခဲ့ပြီး တစ်ဧက တင်း ၄၀ ကျော်ထွက်ရှိခဲ့ပါတယ်။ အခုအခါ မိုးမြေပဲစိုက်ပျိုးဖို့ ထယ်ရေး၊ ထွန်ရေး ပြင်ဆင်နေကြပြီး မိုးရွာသွန်းတာနဲ့ စတင်စိုက်ပျိုးကြမှာဖြစ်ပါတယ်” ဟု ရှမ်းစုကျေးရွာမှ တောင်သူ ဦးသက်ဇော်က ပြောသည်။
အဆိုပါမိုးမြေပဲစိုက်ပျိုးကြမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ