၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

ဒဂုံတောင် ဧပြီ 

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီ(၁)ရက်မှစတင်၍  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့်စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင် နေ့စဉ် နံနက် ၇ နာရီ ခွဲနှင့် မွန်းလွဲ ၃ နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

ထိုသို့ယှဉ်ပြိုင်ကစားကြရာ ယမန်နေ့နံနက် ၇နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက်ရှိ  မြို့နယ်အားကစားကွင်းတွင် မင်္ဂလာဒုံခရိုင်အသင်းနှင့် အင်းစိန်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ မင်္ဂလာဒုံခရိုင်အသင်းက အင်းစိန်ခရိုင်အသင်းကို (၂)ဂိုး၊ ဂိုးမရှိယှဉ်ပြိုင်အနိုင်ရ‌ကြောင်းနှင့် မွန်းလွဲပိုင်းယှဉ်ပြိုင်ကစားကြ‌သော တိုက်ကြီးခရိုင်အသင်းနှင့် အလုံခရိုင်အသင်းတို့တွင် အလုံခရိုင်အသင်းက တိုက်ကြီးခရိုင်အသင်းကို (၂)ဂိုး၊ဂိုးမရှိဖြင့်    ယှဉ်ပြိုင်အနိုင်ရရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီးပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး