စစ်တွေ ဧပြီ ၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ စစ်တွေမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြို့မှ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ကမ်းတွင် ရောက်ရှိနေသော MV - ရွှေစင်လမင်း သင်္ဘောတွင် တည်ဆောက်ရေး လုပ်ငန်း သုံးပစ္စည်းများနှင့် စားသောက်ကုန် စုစုပေါင်း ၁၆၈၆ ဒသမ ၅ တန်တင်ဆောင်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး MV-အောင်ရတနာဝမ်းသင်္ဘောပေါ်မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများအား အတင်အချ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ MV-အောင်ရတနာဝမ်းသင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်း စုစုပေါင်းတန်ချိန် ၆၅၀ တန် တင်ဆောင်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ(မြို့ပြ)က ပျိုးပင်များပျိုးထောင်ထားရှိမှုနှင့် ဖြစ်ထွန်းအောင်မြင်နေမှုများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျိုးဥယျာဉ်အတွင်း ပျိုုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်တောဦးစီးဌာန၊ ခြံဝင်းအတွင်းရှိ ပျိုးဥယျာဉ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ပြည်သူလူထုဖြန့်ဖြူးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာသစ်တောဦးစီးဌာန၊ ပြည်နယ်တာဝန်ခံက ပျိုးဥယျာဉ်အတွင်း ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများ၊ ဖြစ်ထွန်အောင်မြင်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပျိုးခြံဝန်းအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း