မအူပင် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက် ကွင်းသရုပ်ပြပွဲနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်းများအား ယမန်နေ့နံနက် (၁၀)နာရီက ဝါးတောကျေးရွာအုပ်စု၊ ထနီဒေါင့်ကျေးရွာရှိ ကွင်းအမှတ် (၉၅၇)၊ ဦးပိုင်အမှတ် (၅၄/၂)၊ တောင်သူ ဦးစန်းမြင့်၏ နွေစပါးသီးနှံ (၁၀)ဧကစိုက်ခင်း၌ ဆောင်ရွက်သည်။
အဆိုပါစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ပညာရှင်ဝန်ထမ်းများ၊ မအူပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ပညာပေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများလိုက်နာ ကျင့်သုံးရေး၊ သီးနှံစိုက်တောင်သူများအနေဖြင့် မိမိတို့၏စိုက်ခင်းတွင် ပိုးမွှား၊ ရောဂါနှင့် ပေါင်းကျရောက်မှုများအား အမြဲမပြတ် ကြိုတင်ကင်းထောက်စစ်ဆေးခြင်း၊ အပင်သက်တမ်းအလိုက် ကျရောက်တတ်သော ဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးအား လိုအပ်မှသာအသုံးပြုခြင်း၊ ပိုးသတ်ဆေးအုပ်စု တစ်မျိုးထဲကို ဆက်တိုက်မသုံးစွဲဘဲ အခြားပိုးသတ်ဆေးအုပ်စုများနှင့် အလှည့်ကျပြောင်းလဲ အသုံးပြုခြင်း၊ သုံးစွဲမှုအကြိမ်အရေအတွက်လျော့ချခြင်း၊ အဝါရောင်နှင့် အပြာရောင်ပိုးဖမ်း ထောင်ခြောက်များအသုံးပြုခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံ ရိတ်သိမ်း/ ခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ကာလ (Pre Harvest Interval PHI) တို့အား တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ပညာပေးကွင်းဆင်းသရုပ်ပြခဲ့ကြပြီး နည်းပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။ ၎င်းနောက် သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ကျွမ်းကျင်ပညာရှင်များမှ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး လိုက်နာဆောင်ရွက်ရမည့် နည်းပညာများအား ဆွေးနွေးပြောကြားပြီး ၎င်းစံပြကွက်မှ ထွက်ရှိလာသောသီးနှံများ၏ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၏ ISO/IEC 17025 အသိအမှတ်ပြုလက်မှတ်ရရှိထားသော စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပညာပေးစံပြကွက်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)