ဟင်္သာတမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

ဟင်္သာတ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများမှ သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများကို ဂါရဝပြုကန်တော့ခဲ့ကြပြီး နည်းပြဆရာများကိုယ်စား ဓမ္မစကူးဖောင်ဒေးရှင်းနည်းပြဆရာ ဦးအောင်ဇော်မျိုးက သင်တန်းဆင်းဩဝါဒစကား ချီးမြှင့်ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပြန်ဆက် ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဘာသာရပ်များအလိုက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ သင်တန်းသားစံပြထူးချွန်ဆုနှင့် သင်တန်းသား အထူးဆုများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)