မော်လမြိုင် ဧပြီ ၄
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်၍ ဦးစွာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရောက်ရှိနေရာယူ၍ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးစတင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းအား လွှတ်တော်သို့တင်ပြခဲ့သည်။
အဆိုပါကော်မတီများအား ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြပြီး ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လွှတ်တော်ဥက္ကဋ္ဌက ကော်မတီများဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးနိုင်ကြောင်းပြောကြားရာ တင်ပြဆွေးနွေးမည့်သူမရှိသည့်အတွက် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းခြင်းကိုလွှတ်တော်မှ အတည်ပြုကြောင်းကြေညာသည်။
ထို့နောက် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကို ဧပြီလ (၆)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)