မအူပင် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက စာရေးဆရာများအသင်း အစည်းအဝေးပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မိမိတို့ဌာန၏ (Community Centre) ခန်းမတွင် စာရေးဆရာများအသင်းမှ အစည်းအဝေးပွဲလာရောက် ဆောင်ရွက်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်မိတ်ဆက် စကားပြောကြားပြီး စာရေးဆရာအသင်း တွဲဘက်အတွင်းရေးမှူး ဆရာ ရဲမင်းထွန်း (မောင်ရင်ထွေးမအူပင်)မှ အခမ်းအနားအစီအစဥ်များအား ဖတ်ကြားသည်။
ယင်းနောက် စာရေးဆရာများအသင်းဥက္ကဋ္ဌ ဆရာဦးခင်ဇော်ဝင်း (ခက်ဇာ်ကဗျာ)မှ မြန်မာနိုင်ငံစာရေး ဆရာအသင်း၏ လမ်းညွှန်မှာကြားချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ စည်းမျဉ်း စည်းကမ်းများ၊ လေးနှစ်လျင် တစ်ကြိမ်ဆောင်ရွက်သည့် မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံ ဆောင်ရွက် ချက်များ၊ ညီလာခံ ကိုယ်စားလှယ်များ၏ တင်ပြချက်များအား ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသည့် စာရေးဆရာများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာရေးဆရာများအသင်း အစည်းအဝေးပွဲများသာမက မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းများနှင့် အသိပညာပေး Talk Show များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)