ငဖဲ ဧပြီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၁၃၈၇ ခုနှစ်၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ပဒါန်းကျေးရွာလမ်းဆုံတွင် ပဒါန်းတပ်နယ်နှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုသို့ကျင်းပပြုလုပ်ရာတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအဖွဲ့များ၊ စတုဒီသာဧည့်ခံကျွေးမွေးခြင်း၊ ဆုချီးမြှင့်ခြင်းများဆောင်ရွက်သွားမည်ဖြစ်၍ အတာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ဆောက်လုပ်မည့်အခြေအနေများ၊ ရေရရှိရေးဆောင်ရွက်မည့်အခြေအနေများ၊ သင်္ကြန်ယိမ်းအကပြိုင်ပွဲ အမှတ်ပေးဒိုင်အဖွဲ့များ၊ အခမ်းအနားကျင်းပရေး၊ ဆုချီးမြှင့်ရေးနှင့် နေ့အလိုက် စတုဒီသာကျွေးမွေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)