ငဖဲမြို့တွင် ပန်ဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် မြေအောက်ရေနှင့် ဆည်ရေတို့ကိုအသုံးပြု၍ နွေစပါးများနှင့်အတူ ပန်ဖူးစားပြောင်းများ စိုက်ပျိုးထားရာ ပြောင်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချနေရကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

ငဖဲမြို့၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ မြေအောက်ရေတို့ဖြင့် လယ်မြေများတွင် နွေစပါးနှင့်အတူ ပန်ဖူးစားပြောင်းများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ပြောင်းစိုက်ပျိုးမည့်မြေကွက်အား ကြိုတင်ထယ်ရေးပြင်ထားရကာ ယခင်စိုက်ပျိုးပြီး သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များ ထယ်စာခဲအောက်မြုပ်စေခြင်းဖြင့် မြေဆွေးဓာတ်များရစေပြီး ပေါင်းမြက်ပေါက်မှုသက်သာစေ၍ ပြောင်းပင်ကို တန်းကြား ၂၄ လက်မ၊ ပင်ကြား ၁၂ လက်မထား၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့်ဖြတ်၍ စိုက်ပျိုးထားရှိကာ ရက် ၂၀ ကြား တစ်ခါရေပေးသွင်းရသည်။

စိုက်ပျိုးတဲ့ပြောင်းမျိုးက ဖန်စီဘက်မျိုးဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ်တစ်ထုပ်ကို ငွေကျပ် ၅၀၀၀၀ ခန့်ပေးရကြောင်း၊ ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့ တန်ကြား ၂ပေ၊ ပင်ကြား ၁၂ လက်မအကွာကြားချပြီး စိုက်ပျိုးကြောင်း၊ အပင်ရက်သား ၂၀ မှာ ဘောင်လုပ်၊ ရေသွင်း၊ အပင်သန်ဆေးနဲ့မြေဩဇာကျွေး ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီလဆန်းပိုင်း ၂ လခွဲခန့်ဆိုရင် ခူးချိုးလို့ရကြောင်း၊ မိမိ၏လယ်မြေတစ်ဧကမှာ နွေစပါးနှင့်အတူပြောင်းပင်ကို အစေ့ ၂ ထုပ်ကျစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းကြောင်း ပြောင်းစိုက်တောင်သူ ဦးသောင်းမြင့်က ပြောကြားသည်။

ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် ရာသီမရွေး အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

မယု (ငဖဲ)