မြို့နယ်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီအရောင်းဆိုင်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

နမ့်စန်(တ) ဧပြီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် စက်သုံးဆီသုံးစွဲမှုအခက်အခဲ မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီရောင်းဝယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အဆင့် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီနှင့် စက်သုံဆီအရောင်းဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟန်မြင့်အောင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက စက်သုံးဆီရောင်းဝယ်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လိုအပ်သည့်အချိန်အလိုက် ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ နမ့်စန်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လက်ရှိထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့် အသိပေးထုတ်ပြန်ချက်များအား သိရှိလိုက်နာစေလိုပါကြောင်း၊ မိမိတို့ရရှိသည့် ဆီခွဲတမ်းအလိုက်ရောင်းချနိုင်သည့် အရောင်းဆိုင်များအနေဖြင့် ဆိုင်များမပိတ်ဘဲဆိုင်အားလုံးဖွင့်၍ ရောင်းချစေလိုကြောင်း၊ ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များကို ပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ကာ ဥပဒေမဲ့လုပ်ရပ်များ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီရရှိရန်စောင့်ဆိုင်းနေသည့် ဆိုင်များအနေဖြင့်လည်းရရှိပါက အချိန်နှင့်တစ်ပြေးညီဖွင့်လှစ် ရောင်းချစေလိုကြောင်း၊ ပြည်သူများ စက်သုံးဆီအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စေတနာထားကာ ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် စက်သုံးဆီဝယ်ယူသည့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများအတိုင်းလိုက်နာ၍ စနစ်တကျဝယ်ယူရန်လိုကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လူမှုရေးအသင်းအဖွဲ့ပရဟိတ ယာဉ်များ၊သောက်ရေသန့်ယာဉ်များ၊ သောက်သုံးရေရောင်းချသည့် ယာဉ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များကို ဦးစားပေးအနေဖြင့် ရောင်းချပေးစေလိုကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီဖြည့်ဆည်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုအလိုက် လယ်ယာသုံးစက်ပစ္စည်းကိရိယာ၊ သုံးစွဲမည့်စက်သုံးဆီပမာဏနှင့် စိုက်ပျိုးရေးလုပ်ဆောင်မည့်အစီအမံများကို စာရင်းကောက်ယူ၍ ပြန်လည်တင်ပြစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ စက်သုံးဆီဝယ်ယူရေး အဆင်ပြေစေရန်စီမံနိုင်ရေးအတွက် ဝန်ထမ်းများ၏ ယာဉ်ပိုင်ဆိုင်မှုစာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်းလိုအပ်သည့်စက်သုံးဆီ မျှတစွာရရှိရေးအတွက် အိမ်ထောင်စုအလိုက် ဆီဝယ်ယူရေးစာအုပ်များ ဆောင်ရွက်ရန် ညှိနှိုင်းပြင်ဆင်လျက်ရှိကြောင်းတို့ကိုပြောကြားခဲ့ပြီး တောင်ကြီးမြို့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝဏ္ဏထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများက လက်ရှိစက်သုံးဆီ လက်ကျန် ပမာဏ၊ ရောင်းချနေမှုအခြေအနေ၊ ထပ်မံရောက်ရှိမည့် ဆီအခြေအနေများနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ယခင်ညွှန်ကြားချက်များအတိုင်း စုံရက်၊ မရက်အလိုက် ယာဉ်များကို စက်သုံးဆီရောင်းချပေးရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ဝတ်ဆင်လာမှသာ ရောင်းချပေးရန်၊ ဒီဇယ်အသုံးပြုမောင်းနှင်သည့်ယာဉ်များကို နေ့စဉ် နံနက် ၆နာရီမှ နေ့လယ် ၁၂ နာရီအတွင်းလည်းကောင်း၊ ဓာတ်ဆီအသုံးပြုမောင်းနှင်သည့် ယာဉ်များကို နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်းလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို (အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့်သောကြာနေ့များတွင်) နေ့လယ် ၁၂ နာရီမှ ၁ နာရီအတွင်းလည်းကောင်း၊ အခြားမော်တော်ဆိုင်ကယ်များကို နေ့စဉ် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအတွင်းလည်းကောင်း သတ်မှတ်၍ ဆိုင်များအလိုက် စက်သုံးဆီအခြေအနေများပေါ်မူတည်၍ အချိန်တူညီစွာရောင်းချရေး၊ အဆိုပါရောင်းချမည့်အစီအစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဗီနိုင်းဆိုင်းဘုတ်များစိုက်ထူ၍ အသိပေးကြေညာရန်နှင့် ထူးခြားဖြစ်စဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်တို့အား ဆုံးဖြတ်အတည်ပြုခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)