စစ်တွေ ဧပြီ ၁
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ယမန်နေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေငြာသည်။ ယင်းနောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)သို့ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။
ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦးက ဖွဲ့စည်းရန်လျာထားသည့် ဥပဒေပြုရေးကော်မတီတွင် အမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြသန်းအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းရေးအမှူးအဖြစ် ရမ်းဗြဲမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်ခိုင်ဇင်ဦးနှင့် ကော်မတီဝင် (၇) ဦးတို့အားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေးကော်မတီတွင် ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်စောသိန်းအားဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းရေးအမှူးအဖြစ် ပေါက်တောမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသာထွန်းနှင့် ကော်မတီဝင် (၇) ဦးတို့အားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ဇေယျအားဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အတွင်းရေးအမှူးအဖြစ် မင်းပြားမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစောသိန်းထွန်းနှင့် ကော်မတီဝင် (၅) ဦးတို့အားလည်းကောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ရန် လျာထားသည့်အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့တင်ပြပြီး ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေးကော်မတီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီများ၏ ဖွဲ့စည်းတာဝန် ပေးအပ်မည့်အမည်စာရင်းအား အတည်ပြုကြောင်းကြေငြာသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ရပ်နားကြောင်းနှင့် (ပဉ္စမနေ့)အစည်းအဝေးကျင်းပမည့် နေ့ရက်ကို လွှတ်တော်ကိုယ်စားလှယ်များထံအချိန်မှီ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)