ရေနံချောင်းမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်

ရေနံချောင်း မတ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှု မဖြစ်ပွားစေရေး မန်နေ့က ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုမဖြစ်ပွာစေရေး လျှပ်စစ်ဝါယာ ကြိုးများကို စနစ်တကျသွယ်တန်းထားရှိရန်၊ ဟောင်းနွမ်းဆွေးမြေ့သည့် လျှပ်စစ်ဝါယာကြိုးများကို အသုံးမပြုရန်၊ ပလပ်ပေါက်များတွင် မီးသုံးစွဲပြီးပါက ပလပ်ပင်ခေါင်းများကို ဖြုတ်ထားရန်၊ လျှပ်စစ်မီးဖြင့် အိမ်သုံးပစ္စည်းများ သုံးစွဲရာတွင် တစ်ပြိုင်နက်သုံးစွဲခြင်း မပြုရန်၊ မလိုအပ်ပါက လျှပ်စစ်မီးများကို ပိတ်ထားရန်၊ အပြင်ထွက်ပါက လျှပ်စစ်မိန်းခလုတ်များပိတ်ထားရန် စသည့် ဆောင်ရန်ရှောင်ရန်အချက်များကို မီးသုံးစွဲသူပြည်သူများအား အသိပညာပေးဆွေးနွေးသည်။

ထို့နောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သတိပေးစတစ်ကာကပ်ခြင်းများကို အစိုးရရုံးဌာနများ၊ ဝန်ထမ်းအိမ်ယာများ၊ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး