မြန်အောင် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန်နှင့် ဒေသခံ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြန်အောင်ခရိုင် စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်အောင်ခရိုင်အတွင်း မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပရန် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီပွဲတော်ကျင်း ပပြုလုပ်ရန် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်ဟိန်း၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့်လမ်း လျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်အောင်ခရိုင်မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၏ အကြံပြုဆွေးနွေးချက်များကို မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဖြည့်စွက်ပြောကြား၍ အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့သည်။
ဝင်းဗိုလ် (ပြန်/ဆက်)