မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြသ

မူဆယ် မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ယဉ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာဖတ်သည့်အလေ့အထတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ Mini Museum ရှိ တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများကို မူဆယ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ပြသပေးခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်တွင် ၃၈ ဖြာမင်္ဂလာကဗျာများ၊ ကမ္ဘာကျော်တွေးခေါ်ပညာရှင်များ၏ အဆိုအမိန့်များ၊ စာရေးဆရာကြီးများ၏ အဆိုအမိန့်များ ပါဝင်သည့်အတွက် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)