မူဆယ် မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာတတ်သူတိုင်း စာဖတ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ၊ ကာယဉာဏပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပြိုင်ပွဲကို ဆောင်ရွက်ခဲ့သည်။ ပထမဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်းအကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းပြခဲ့ပြီး၊ ပြိုင်ပွဲကိုဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (Community Centre) ဖွင့်လှစ်သင်ကြားလျက်ရှိသည့် စာပေအနုပညာ အမြင်ဖွင့်သင်တန်းတက်ရောက်နေသည့် သင်တန်းသားများအား အဖွဲ့ ၄ ဖွဲ့ ခွဲ၍ ပတ်လည် ယှဉ်ပြိုင်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ အနိုင်ရသည့်အဖွဲ့အား ခရိုင်ဦးစီးမှူးက ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)