မင်းဘူး မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လူကုန်ကူးခံရပြီး၊ ကမ္ဘောဒီယားနိုင်ငံ ကျားဖြန့်လုပ်ငန်းသို့ပို့ဆောင်ပြီး၊ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းအား အဓမ္မစေခိုင်းခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က “လူကုန်ကူးခြင်းဟာ ခေတ်သစ်ကျွန်ပြုသည့် လုပ်ငန်းဖြစ်သလို အမျိုးသမီးငယ်များသာမက အမျိုးသားများပါ လူပွဲစားများက လိမ်လည်စည်းရုံး၊ ခေါ်ဆောင်ကာ အိမ်နီးချင်းနိုင်ငံများထံ ရောင်းစားမှုများမှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေနှင့်လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိနေပါကြောင်း၊ မိမိမြို့နယ်အတွင်းလူကုန်ကူးမှုများ လျော့နည်းပပျောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တာဝန်ရှိသူများက လူကုန်ကူးခံရပြီး၊ အဓမ္မခိုင်းစေခံရသူ ကြီးပင်ကန်ကျေးရွာအုပ်စု၊ မန်းရေနံမြေအိမ်ယာ (၃)မှ မောင်လျှမ်းထက်အောင်နှင့် ကုန်းသာကျေးရွာအုပ်စု၊ ကျွဲတဲကျေးရွာမှ မဖူးပွင့်လှိုင်တို့အား ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)