မင်းလှမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အထက်မင်းလှ မတ် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံအားကစားနည်း ဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းကို မြို့နယ်အားကစားကွင်းနှင့် မင်းလှမြို့အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီက သင်တန်းဆင်းပွဲကို မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မင်းလက်ဝါးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အားကစားနည်းအလိုက် အခြေခံနည်းစနစ်များကို စနစ်တကျတတ်မြောက်စေလိုကြောင်း၊ သင်တန်းဆင်းပြီးမြောက်သော်လည်း အားလပ်ချိန်များ၌ အားကစားကွင်းတွင် သွားရောက်အသုံးပြုနိုင်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ထူးချွန်ထက်မြက်သည့် အားကစားလူရည်ချွန်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေး မျှော်လင့်ပါကြောင်း ပြောကြားသည်။  ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းလှိုင်က  နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကိုယ်လုံသိုင်းပညာသင်တန်းသားများက သရုပ်ပြသခဲ့သည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်း ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေများပေးအပ်၍ အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၀၀)ဦးအတွက် ရေသန့်ဗူးများ ပေးဝေခဲ့သည်။

မင်းလှမြို့နယ်အတွင်း နွေရာသီအားကစား အခြေခံသင်တန်းများကို မတ်လ ၁၈ ရက်​နေ့မှ မတ်လ (၃၀)ရက်နေ့အထိ ဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းလှိုင်နှင့် ဝန်ထမ်းများ၊ ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၆)ဦး တက်​ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)