ညောင်ဦး မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု၊ ယွန်းထည်ပစ္စည်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ယွန်းထည်သုံးပစ္စည်းများ ပြည်ပဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များလည်း စိတ်ဝင်စားမှုမြင့်တက်နေကာ ပြည်တွင်းဝယ်လိုအားကြောင့် ယွန်းထည်လုပ်ငန်းရှင်များ အဆက်မပြတ် ပြန်လည်လုပ်ကိုင်နေကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်းရှင်ထံက သိရသည်။
ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာစစ်စစ်ဖြစ်ပြီး အင်မတန် အနုစိတ်လုပ် ကိုင်ရသော လုပ်ငန်းဖြစ်ကာ ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော် ပြုလုပ်ကြောင်း၊ ယွန်း လုပ်ငန်းရှင်များ အများဆုံး ပြုလုပ်သည့် ယွန်းလက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များကို အများ ဆုံးပြုလုပ်ကြကြောင်းသိရပြီး ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာ လူမျိုးများ ယွန်ထည်အမျိုးမျိုးသာ အသုံးပြုခဲ့ကြကြောင်း၊ပလို့ခေါ်ငါးဆင့်ပ လို့ဆွမ်းအုပ်များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင် ဘုရားပွဲ၊တုရင်တောင်ဘုရားပွဲ၊ ကန်တော့ပလ္လင်ဘုရားပွဲများနှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ရှင်ပင်စာကြိုလှဘုရားပွဲများတွင် ယွန်းပလို့(ငါးဆင့်) ပါသောဆွမ်းအုပ်ကြီးများဖြင့် ဆွမ်းတော်များ လောင်းလှူလျက်ရှိသေးကြောင်း သိရသည်။ ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိသည့် မဲတင်းခါးဝါး၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကို သုံး၍ ယွန်းထည် အမျိုးမျိုးပြုလုပ်ကြသော်လည်း မဲတင်းခါးဝါးတစ်မျိုးထဲကိုသာ ယွန်းထည် ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲ အသုံးပြုကြကြောင်းသိရသည်။ ယွန်းထည်ပြုလုပ်ရခြင်း အဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည်တို့ကို အဆင့်ဆင့် ပြုလုပ်ရကြောင်း၊ ယွန်းထည် ပစ္စည်းများသုတ်ရန် သစ်စေးဆယ်ပိဿာ ပုံးတစ်ပုံး ဆယ့်တစ်သိန်းကျပ်ပေးဝယ်ရကြောင်း သိရသည်။
ယွန်းထည်လုပ်ငန်းလုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင် တစ်သောင်း ခွဲကျပ်နှင့်ယွန်းကျွမ်းကျင်လုပ်သားတစ်ဦးလျှင် နှစ်သောင်းခွဲကျပ် ရရှိကြကြောင်း၊ ယွန်း ထည်များ ပြုလုပ်ပြီးသော်လည်း တစ်နှစ်ကျော်ကြာမှ ရောင်းချရကြောင်း ယွန်ထည်များ ပြုလုပ်ပြီး မြေအောက်ခန်းအတွင်း အလုံပိတ်ထားကာ ယွန်းထည်များမြေဒြပ်ပေးထားကာ နောက်ဆုံးအဆင့် ရောင်းချရသည့် အချိန်တစ်နှစ်ကျော်မှ ရောင်းချရကြောင်း ယွန်းလုပ်ငန်းရှင်များက ပြောပြသည်။ ယွန်းထည်ရောင်းချရမှု နည်းပါး သော်လည်း ယွန်းလုပ်သားများ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ယွန်းလုပ်ငန်းရှင်များက ယွန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်လျှက်ရှိနေကြကာ မြန်မာ့ယွန်းထည် လုပ်ငန်း ပြည်ပဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များလည်း စိတ်ဝင်စားမှုမြင့်တက်လာနေကြောင်း ယွန်းလုပ်ငန်းရှင် များထံကသိရသည်။
ဒီပါလင်း