မြင်းခြံမြို့ အေးမြသီတာဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

မြင်းခြံ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အေးမြသီတာဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၃၀ ရက် နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။

မြင်းခြံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က အေးမြသီတာ ဈေးအတွင်းရှိ ရေးဆိုးမြောင်းများ စနစ်တကျ စီးဆင်းကောင်းမွန်ရေး စစ်ဆေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က ဈေးအတွင်းရှိ ဈေးရုံများ၌ မီးသတ် ဆေးဘူးများ စနစ်တကျ ထားရှိမှုနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားရှိ ရေး၊ မီးသတ်ရေကန်၊ မီးချိတ်မီးကပ်၊ ရေပုံး၊ သဲများ ထားရှိဆောင်ရွက်မှုများကို စစ်ဆေးခဲ့သည်။

မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြင်းခြံမြို့ အေးမြသီတာဈေး၊ စည်ပင်သာယာ ဈေးကြီးနှင့် စံပြဈေးတို့တွင်လည်း မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ မီးလက်တွေ့ငြှိမ်းသတ်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)