ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

ငါန်းဇွန် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့် သီလရှင်များ ဖြေဆိုကြရာ အကြီးတန်း၌ စာရင်းရှိ (၃)၊ ဖြေဆို(၃)သည်လည်းကောင်း၊ ပထမလတ်တန်း၌ စာရင်းရှိ(၁၁)၊ ဖြေဆို(၉)၊ ပျက်ကွက်(၂)သည်လည်းကောင်း၊ ပထမငယ်တန်း၌ စာရင်းရှိ(၂)၊ ဖြေဆို(၁)၊ ပျက်ကွက်(၁)သည်လည်းကောင်း၊ အခြေပြုမူလတန်း၌ စာရင်းရှိ(၁၃)၊ ဖြေဆို(၈)၊ ပျက်ကွက်(၅) သည်လည်းကောင်း ကစ္စည်းဘာသာ ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)