ငွေဆောင်မြို့ကျက်သရေဆောင် မြို့ဦးစေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံရေးဆိုင်ရာ ကိစ္စရပ်များအတွက် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားကျင်းပ

ငွေဆောင် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ မြို့ကျက်သရေဆောင် မြို့ဦး စေတီတော်မြတ်ကြီးအား ရင်ပြင်တော် တိုးချဲ့ခင်းကျင်းခြင်း၊ ရင်ပြင်တော်မြှင့်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်းနှင့် လိုအပ်သောပြုပြင်မွမ်းမံ ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သြဝါဒါစရိယဆရာ တော်ကြီးများထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့က မြို့ဦးစေတီတော် မြတ်ကြီး ၏ ဓမ္မာရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ငွေဆောင်မြို့၊ စုပေါင်းရပ်ကွက် သံဃနာယကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့ဦးစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ရပ်မိရပ်ဖများ၊ ကုသိုလ်ရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဆရာတော်ကြီးများအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ(၃) ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး သြဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ငွေဆောင်မြို့၊ စုပေါင်းရပ်ကွက် သံဃနာယကအဖွဲ့ မြို့ဦးစေတီတော်မြတ်ကြီး သြဝါဒါစရိယဆရာတော်ကြီးများထံ သြဝါဒခံယူပွဲကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ရာ ဆရာတော်ကြီးများမှ သြဝါဒကထာများ မိန့်ကြားတော်မူခဲ့သည်။ဆက်လက်၍ မြို့ဦး စေတီတော်ဂေါပကဥက္ကဋ္ဌမှ မြို့ဦးစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေကို လျှောက်ထားတင်ပြခဲ့ပြီး တက်ရောက်လာသော အလှူရှင်၊ ကုသိုလ်ရှင်များကလည်း ပြုပြင်မွမ်းမံလိုမှု အစီအမံများအား လျှောက်ထားတင်ပြခဲ့ကြသည်။

 ယင်းနောက် သြဝါဒါစရိယ ဆရာတော်မှ ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။ ထို့နောက် သြဝါဒါစရိယ ဆရာတော်များအား မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ပြန် / ဆက်)