ငွေဆောင် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မီးသတ်ဦးစီးဌာနမှ ဟိုတယ်ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို ယမန်နေ့ညနေပိုင်းက ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ Myanmar Treasure (Athinkaya)ဟိုတယ်၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ တာဝန်ခံမီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးမှ ဟိုတယ်တာဝန်ခံများနှင့် ဟိုတယ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ခံမီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုနည်းနှင့် ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ရာ ဟိုတယ်ဝန်ထမ်းများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး (ပြန်/ဆက်)